အက်ဆစ်နဲ့ ဓာတုပစ္စည်းတွေ လောင်ခဲ့ရင်
အက်ဆစ်နဲ့ အပက်ခံရလို့ မျက်နှာပျက်စီးသွားတဲ့သူတွေ၊ ခန္ဓာကိုယ်ထိခိုက်ပျက်စီးသွားတဲ့သူတွေ အကြောင်း မကြာခဏဆိုသလို ကြားနေရပါတယ်။
မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာလုပ်လို့ပဲ ဖြစ်ဖြစ် အက်ဆစ်၊ အယ်လ်ကာလီနဲ့ လောင်တတ်စားတတ်တဲ့ ဓာတုပစ္စည်းတွေ လောင်ရင် ရှေးဦးစွာ ဘယ်လိုကုသလုပ်ဆောင်ရမလဲ ဆိုတာက အရေးအကြီးဆုံးအချက်ပါ။ ရှေးဦးပြုစုမှုအပေါ် မူတည်ပြီး ထိခိုက်ပျက်စီးမှုကလည်း ကွာသွားနိုင်ပါတယ်။
ဒါကြောင့် အက်ဆစ် နဲ့ ဓာတုပစ္စည်းတွေ လောင်ရင် ဘာလုပ်သင့်သလဲ ဆိုတာ ပြောပြပေးသွားမယ်နော်။
ဘက်ထရီအက်ဆစ်၊ အမိုးနီးယား၊ ကြွေဂျီးချွတ်ဆေး၊ အိမ်သာဆေးရည်၊ အစွန်းချွတ်ဆေး၊ ရေကူးကန်ထဲခပ်တဲ့ ကလိုရင်းဆေးရည် စတာတွေကြောင့် ဓာတုပစ္စည်းလောင်တာ အဖြစ်များပါတယ်။ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ မတော်တဆဖြစ်တာ ပိုများပါတယ်။
ဘာတွေဖြစ်မလဲ?
ထိတွေမိတဲ့ နေရာ၊ ကြာချိန်နဲ့ ဓာတုပစ္စည်း အမျိုးအစားပေါ် မူတည်ပြီး…
- အရေပြားက နီရဲရောင်ရမ်းပြီး နာကျင်တာ၊ ထုံနေတာ၊ အရည်ကြည်ဖုထပြီး ညိုမည်းလာတာ
- မျက်စိထဲဝင်ရင် နာလာတာ၊ အမြင်အာရုံဝါးလာတာ
- ရှူမိရင် အသက်ရှူကြပ်တာ၊ ချောင်းဆိုးတာ
- ခေါင်းကိုက်တာ၊ တက်တာ
- သွေးပေါင်ကျတာ၊ သတိလစ်တာတွေ ဖြစ်နိုင်ပါတယ်။
ဘာလုပ်ရမလဲ?
- ဓာတုပစ္စည်းနဲ့ ထိတွေ့နေတဲ့ အဝတ်အစားတွေကို ချက်ချင်းဖယ်ရှားပါ။ ဖယ်ရှားတဲ့အခါ ဖြစ်နိုင်ရင် လက်အိတ်ဝတ်ထားပါ၊ အဝတ်အစားတွေကို ဆွဲချွတ်တာက တခြားနေရာတွေကို ဓာတုပစ္စည်းတွေ ထိတွေ့ပျံ့နှံ့သွားနိုင်လို့ ဖြတ်ထုတ်တာက ပိုကောင်းပါတယ်။
- ဓာတုပစ္စည်းနဲ့ ထိတဲ့နေရာကို ရေများနိုင်သမျှ များများနဲ့ ဆေးကြောပါ (အနည်းဆုံး မိနစ် ၂၀ ခန့် ဆေးကြောပါ)။ စောနိုင်သမျှ စောစောဆေးပါ၊ ဖြစ်ဖြစ်ချင်း ဆေးနိုင်ရင် ပိုကောင်းပါတယ်။
- ပွတ်သုတ်ဖယ်ရှားတာမျိုး မလုပ်ပါနဲ့ (ပိုဆိုးသွားစေလို့ပါ)။
- ဓာတုပစ္စည်းက အခြောက်၊ အမှုန့်ဆို ဘရပ်ရှ်နဲ့ ဖယ်ရှားလို့ ရပါတယ်။
အရေးပေါ်ပြုစုပြီးတာနဲ့ ဆေးရုံကို ချက်ချင်းသွားရပါမယ်။
- ဆေးရုံမှာ ဓာတုပစ္စည်းတွေ ကုန်အောင် သေချာဆေးကြောပြီးရင် ဆေးထည့်တာ
- အနာသက်သာတဲ့ဆေးပေးတာ
- လိုအပ်ရင် မေးခိုင်ကာကွယ်ဆေးထိုးပေးတာ
- သွေးပေါင်ကျနေရင် Drip ချိတ်တာ
- အနာကဆိုးနေရင် ပိုးသတ်ဆေးထိုးပေးတာ
- ဖြေဆေးရှိတဲ့အမျိုးအစားဆိုရင် ဖြေဆေးပေးတာ စသဖြင့် လူနာအခြေအနေပေါ် မူတည်ပြီး လိုအပ်သလို ကုသရပါတယ်။
ထိခိုက်မှုများတဲ့ လူနာတွေအတွက် ဆေးပညာဌာန၊ အထူးကြပ်မတ်ကုသဆောင်၊ ခွဲစိတ်ဌာနာ၊ အရိုးဌာန၊ မျက်စိဌာန၊ ပြန်လည်သန်စွမ်းရေးဌာန စသဖြင့် အထူးကုတွေ စုပေါင်းကုသမှု ပေးရတာမျိုး ရှိနိုင်ပြီး ကုသချိန် ကြာမြင့်နိုင်ပါတယ်။
ဓာတုပစ္စည်းလောင်တာက အပေါ်ယံထိခိုက်ယုံဆိုရင် အမာရွတ်ကျန်တာကလွဲလို့ ဘာမှ မဖြစ်နိုင်ပေမယ့် ကြီးကြီးမားမားထိခိုက်တဲ့သူတွေမှာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့…
- ရုပ်ဆိုးတဲ့ အမာရွတ်တွေ ကျန်ခဲ့တာ
- မျက်စိမမြင်တော့တာ
- မျိုချမိရင် အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေ ကျန်ခဲ့တာ
- ခြေချောင်းလက်ချောင်းတွေ ဆုံးရှုံးတာ (အက်ဆစ်လောင်ရင်)
- မသန်မစွမ်းဖြစ်သွားတာ
- စိတ်ကျရောဂါ စွဲကပ်တာတွေ ဖြစ်နိုင်ပါတယ်။
ဓာတုပစ္စည်းတွေကို သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ လက်လှမ်းမမီတဲ့ နေရာမှာ ထားခြင်း၊ ကိုင်တွယ်အသုံးပြုရတဲ့အခါ မျက်မှန်၊ လက်အိတ်စတဲ့ အကာအကွယ်ဝတ်ဆင်ခြင်း၊ သုံးစွဲပြီးတဲ့အခါ သေချာစွာ ဖုံးအုပ်သိမ်းဆည်းခြင်းတွေက မဖြစ်အောင် ကာကွယ်နိုင်မှာပါ။
ဓာတုပစ္စည်းတွေ လောင်တာက ခန္ဓာကိုယ်ကို အများကြီး ထိခိုက်တဲ့ထိ ဖြစ်နိုင်ပါတယ်။ မတော်တဆ သို့မဟုတ် တိုက်ခိုက်ခံရလို့ ဓာတုပစ္စည်းလောင်ခဲ့ရင်လည်း ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ရှေးဦးပြုစုနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်